ကနီမြို့နယ်တွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာရှိ ဘော်ဒါဆောင်က တက္ကသိုလ် ဝင်တန်းအောင်ကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲမှာ ကျွေးမွေးတဲ့ အစားအစာကနေ လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။
အစာအဆိပ်သင့်မှု ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ အသေးစိပ်မသိရှိရသေးပေမယ့် အားလုံးကိုတော့ ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာအခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။
ကနီမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝေမာနွယ်က “သတင်းကြားကြားချင်း လာပြီးတော့ စစ်ဆေးပြီး လိုအပ်တာတွေပြုလုပ်ပေးထားတယ်။ အများစုကတော့ ဝမ်းလျှောတာ ပေါ့။ အော့အန်တာတော့ပါတယ်။ ဒါပေမယ့် နည်းတယ်။ ဘာကြောင့်လဲဆိုတာတော့ မသိရသေးဘူး။ ကျွေးမွေးတဲ့အစာ နမူနာတွေတော့ ဓာတ်ခွဲဖို့ ယူလာတယ်။ မနက်ဖြန်လည်း ပြန်လာပြီး ကျန်းမာရေးဟောပြောပွဲနဲ့ ပြန်စစ်ဆေးဖို့ ထပ်လာဖို့ ရှိတယ်။ အခုတော့ အားလုံးအခြေအနေကောင်းပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီဂုဏ်ပြုပွဲမှာ ဒေသထွက် ချဉ်ပေါင်၊ ဝက်သား၊ ကျောက်ဖရုံသီး၊ ငရုပ်သီးနဲ့ မြို့ကဝယ်တဲ့ ငါးမြင်း၊ ကုလားပဲနှပ် စတာတွေကို ကျွေးမွေးခဲ့တာပါ။ အရင်က အခုလို ဖြစ်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီမိုးဘော်ဒါဆောင်ပိုင်ရှင် ဦးမင်းဝေက “ဂုဏ်ပြုပွဲက တနင်္ဂနွေနေ့က လုပ်တာ။ စားပြီးပြီးချင်းဖြစ်တာ မဟုတ်ဘူးဗျ။ အစာကျေညက်ချိန်ပေါ့။ ညပိုင်း ၉ နာရီလောက်ကနေ စပြီးဖြစ်တာ။ တချို့ကလေးတွေက အော့အန်တာတွေလည်းရှိတယ်။ အများစုကတော့ ဝမ်းလျှောကြတာ။ ကျနော်ကိုယ်တိုင် ၁၀ ကြိမ်ထက်မနည်း ဝမ်းလျှောခဲ့တယ်။ အခုတော့ ရပ်သွားပါပြီ။ အဓိကကတော့ ငါးနှင့် ကုလားပဲကဖြစ်တယ်လို့ပဲ ထင်တယ်။ နောက်ထပ်ဒါမျိုးမဖြစ်အောင် FDA အနေနဲ့ စစ်ဆေးဖို့ လိုအပ်နေတယ်”လို့ ပြောပါတယ်။
အစာအဆိပ်သင့်လို့ ဇီးပင်တွင်းကျေးရွာ အထက်တန်းကျောင်းကို ပိတ်ပြီး ဆေးကုသမှု ပြုလုပ်ပေးခဲ့ရပါတယ်။ ကျောင်းသား ၄၇၇ ယောက်ရှိတဲ့အထဲက ကျား ၅၁ ယောက်၊ မ ၆၅ ယောက် စုစုပေါင်း ၁၁၆ ယောက်ဖြစ်ပွားခဲ့ပါတယ်။
အငယ်ဆုံး ၈ နှစ်အရွယ် တတိယတန်း ကလေးငယ်ကနေ တက္ကသိုလ်ဝင်တန်းထိ ပါဝင်ပါတယ်။ အစာ ၅ မျိုးကျွေးတဲ့အထဲက ညနေစာ ပဲနှပ်နှင့် ငါးစားတဲ့ သူတွေပဲဖြစ်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ကနီမြို့နယ်၊ မုဌောအရှေ့ရွာမှာ အလှူကကျွေးတဲ့ အစာတွေကနေပြီးတော့လည်း လူ ၂၀၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ဆေးရုံတက်ရတာတွေထိရှိခဲ့ပြီး အခုထက်အခြေအနေပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။ မြို့နယ်ဆရာဝန်ကြီးရဲ့ ပြောကြားချက်အရ မုဌောရွာမှာဖြစ်ခဲ့တဲ့ အစာအဆိပ်သင့်မှု က ရေမသန့်ရှင်းလို့ အဓိကဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အစာအဆိပ်သင့်မှုဖြစ်ပွားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ ကျန်းမာရေး ဌာန၊ ပညာရေးဌာနတွေက တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး အနီးကပ် ကြီးကြပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
#dvb
The 8 best casinos in the area: San Juan Casino & Resort
ReplyDeletePlay & win! 상주 출장안마 Casino is San Juan's closest casino. 남양주 출장샵 With 아산 출장샵 a stay at San Juan Resort & Casino 충청남도 출장샵 & Spa, you'll be steps 평택 출장마사지 from