အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ [သခင်မြ (၁၈၉၇- ၁၉၄၇)]


အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကို ၁၈၉၇ ခုနှစ် အောက်တိုဘာ ၇ ရက် ကြာသပတေးနေ့က ပြည်မြို့ ထုံးဘိုရွာမှာ အဖ ဦးဘိုးချွန်၊ အမိ ဒေါ်သက်လယ်တို့ကနေ ဖွားမြင်ပြီး မွေးချင်းနှစ်ယောက်အနက် သားကြီးဖြစ်ပါတယ်။


ငယ်နာမည် မောင်မြရွှေ နောင်တွင် မောင်မြလို့ ခေါ်တွင်ခဲ့ပြီး မွေးချင်းနှမဖြစ်သူ မမြငွေကတော့ နောင်မှာ သီလရှင် မခေမာဝတီ ဖြစ်လာပါတယ်။ မိခင်ဖြစ်သူ ဒေါ်သက်လယ်ကတော့ မောင်မြ သုံးနှစ်သားအရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။


ငယ်စဉ်က ထုံးဘိုမြို့ ဆရာကြီး ဦးဘိုးစရဲ့ တိုင်းရင်းမြန်မာ မူလတန်းကျောင်းကနေ လေးတန်းအောင်ပြီးနောက် သာယာဝတီမြို့ အေဘီအမ် အလယ်တန်းကျောင်းတွေမှာ ပညာသင်ယူခဲ့ပါတယ်။


၁၉၁၂ ခုနှစ်မှာ ၇ တန်းစာမေးပွဲကို စကောလားရှစ်နဲ့ အောင်မြင်ပြီးနောက် ရန်ကုန် ဘက်ပတစ် (Baptist) အထက်တန်းကျောင်းမှာ ၈ တန်းသင်ယူခဲ့ကာ ၁၉၁၅ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။


၁၉၁၅-၁၆ ခုနှစ်မှာ ရန်ကုန်ကောလိပ် သိပ္ပံဥပစာတန်းမှာ တက်ရောက်ခဲ့ပြီး ၁၉၂ဝ ပြည့်နှစ် ဂုဏ်ထူးတန်းပြန်တက်နေစဉ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်မှာ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။


၁၉၂၆ ခုနှစ်မှာ သာယာဝတီခရိုင် အုတ်ဖိုမြို့က မြေပိုင်ရှင် အမိန့်တော်ရရှေ့နေရဲ့ သမီး မခင်ညွန့်နဲ့ လက်ထပ်ခဲ့ပါတယ်။


၁၉၂၇ ခုနှစ်မှာ B.L ဥပဒေဘွဲ့ ရရှိခဲ့ပြီးနောက် သာယာဝတီကို ပြောင်းရွှေ့ပြီး ဝတ်လုံတော်ရအဖြစ် အသက်မွေးလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၃၁ ခုနှစ် ဆရာစံ အပါအဝင်  တောင်သူလယ်သမား အရေးတော်ပုံ ခေါင်းဆောင်တွေကို သာယာဝတီမြို့ အထူးခုံရုံးမှာ အမှုစစ်ဆေးရာမှာ တရားခံများဘက်က အစိုးရရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့ပါတယ်။


၁၉၃၄ ခုနှစ်မှာ တို့ဗမာအစည်းအရုံးဝင်ဖြစ်လာပြီး သခင်မြ အမည်တွင်ခဲ့ပါတယ်။


၁၉၃၆ ခုနှစ်မှာ တို့ဗမာအစည်းအရုံးညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသလို ရွေးကောက်ပွဲမှာလည်း တို့ဗမာအစည်းအရုံးရဲ့ ကိုယ်ပွား ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။


လွှတ်တော်အမတ်အဖြစ်ကနေ နုတ်ထွက်ပြီး ရေနံမြေ အလုပ်သမားသပိတ်၊ တောင်သူလယ်သမား အစည်းအရုံးတွေမှာ ပါဝင်ခဲ့ပြီး ၁၉၃၉ သာယာဝတီတောင်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်ဝင်ပြိုင် အနိုင်ရရှိခဲ့လို့ လွှတ်တော်အမတ်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။


၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ ပြည့်သူ့အရေးတော်ပုံပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သလို ဗမာ့ထွက်ရပ်ဂိုဏ်း တည်ထောင်ရာမှာလည်း ခေါင်းဆောင်ပါဝင်ခဲ့ပါတယ်။


၁၉၄၁ ခုနှစ်မှာ တို့ဗမာအစည်းအရုံးရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီးနောက် မတရားအသင်းအဖြစ် ကြေညာခံရချိန်မှာ မော်လမြိုင်မြို့သို့ တိမ်းရှောင်ခဲ့ပါတယ်။


၁၉၄၂ ခုနှစ်မှာ ဗိုလ်ဇေယျနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ပြီး မြန်မာ-ဂျပန် ဆက်သွယ်ရေးအရာရှိချုပ် ဗိုလ်မှူးကြီး ဟီရာအိုကာနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ပြီးနောက် မြန်မာပြည် ဗဟိုအုပ်ချုပ်ရေး စီစဉ်မှုအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။


၁၉၄၃ ခုနှစ် ဂျပန်က လွတ်လပ်ရေးပေးတဲ့အခါ သခင်မြက ဒုဝန်ကြီးချုပ်ဖြစ်လာခဲ့သလို ၁၉၄၆ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးတဲ့ ကြားဖြတ်အစိုးရမှာ ဘဏ္ဍာရေးနဲ့ အခွန်တော် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။


၁၉၄၇ ခုနှစ် ဇန်နဝါရီမှာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုဖို့ လန်ဒန်သွား မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။


၁၉၄၇ ဧပြီလမှာကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ရွေးကောက်ခံရသလို ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီ ဝန်ကြီးအဖြစ် သခင်မြနဲ့ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် ဂျိမ်းစ်ကရွန်ဘီတို့ မြ-ကရွန်ဘီ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုခဲ့ပါတယ်။


၁၉၄၇ ဇွန်လမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ဇူလိုင် ၁၉ ရက် မနက်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဝန်ကြီးအဖွဲ့ အစည်းအဝေးတက်ရောက်နေစဉ် ဂဠုန်ဦးစော လက်ပါးစေတွေရဲ့ လက်ချက်နဲ့ ကျည် ၂ ချက်ထိမှန်ကာ ကျဆုံးခဲ့ရပါတယ်။

#dvb

Comments

Popular posts from this blog

လွယ်လွယ်လေးနဲ့ လှနိုင်သည့် ၀မ်းဗိုက်ချပ်စေမည့် အူရှင်းနည်း

ရေကြက်သည် ကျောက်တည်ရောဂါ ရှိ သောသူအတွက် ဆိုသော ရာဇဝင်